မီချီဂန် ရေကန်အစပ်က ရေခဲလုံးများ
သိပ်မကြာခင်ကမှ နိုင်ငံတော်တော်များများမှာ နှင်းတွေ ကျတဲ့ ဆောင်းရာသီကို ဖြတ်သန်းခဲ့ကြပါတယ်။ နှင်းတွေ အဆုပ်အခဲလိုက် မြေပြင်ပေါ်မှာ ကျဆင်းလာရင် ကလေးတွေနဲ့ ပျော်တတ်သူအချို့က နှင်းလုံး (snow ball) တွေလုပ်ပြီး ဆော့ကစားတတ်ကြပါတယ်။ ဖြူဖြူအပွင့်လေးတွေ အဖြစ် ကျဆင်းပြီး မြေပြင်ပေါ်မှာ တဖြေးဖြေး အထပ်ထပ်ဖြစ်လာတဲ့ နှင်းပွင့်တွေဟာ လူကိုယ်တိုင်က မဖန်တီးဘဲ အလုံးကလေးတွေ ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အောက်က ပုံမှာ ရှိနေတဲ့ နှင်းလုံးခေါ် ရေခဲလုံးလေးတွေဟာ လူက ဖန်တီးပြုလုပ်ထားတာ မဟုတ်ဘဲ အံ့သြဖွယ်ရာ အလိုအလျောက် ဖြစ်နေကြတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ မစ်ချီဂန် ရေကန်ကြီးရဲ့ ကမ်းခြေတစ်လျောက် ခုလို များပြားလှတဲ့ နှင်းခဲလုံးတွေကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရပါတယ်။ ဘယ်လို လူသားတွေကမှ ဒီလောက်များပြားလှတဲ့ နှင်းခဲလုံးတွေကို အအေးခံ၊ အပင်ပန်းခံပြီး ပြုလုပ်ကြမှာ မဟုတ်ပါဘူး။

နံနက်ခင်းရဲ့ နေခြည်အောက်မှာ
နှင်းခဲလုံးတွေ ဘာကြောင့် ဒီလောက်များပြားစွာ ဖြစ်ပေါ်နေတယ်လို့ ဘယ်သူကမှ အတိအကျ မပြောနိုင်ပေမဲ့ ပညာရှင်တွေကတော့ ရေကန်ရဲ့ ကမ်းခြေအစပ်က နှင်းလွှာပြင်ကြီးဟာ ရေရဲ့ ရွေ့လျားလှုပ်ရှားမှုနဲ့ ရာသီဥတု အေးခဲမှတ်တို့ကြောင့် ခုလို နှင်းလုံးလေးတွေဟာ သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ထူးဆန်းစဖွယ် ဖြစ်ပေါ်လာရတယ်လို့ခန့်မှန်းကြပါတယ်။